နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
ကျမတို့ စိတ်၈၉ ထဲမှာမှ ရူပဝိစရစိတ် ၁၅ပါးကိုရှင်းနေတာ မပြီးသေးတဲ့အပိုင်းကို ပြန်ဆက်ပါမယ်...။
ရူပါဈာန်ငါးဆင့် Five Step of Five Material Jhana ကို သမထ ဘာဝနာပွားများပြီး တက်ရောက်တာကို ပြောပြပါမယ်...။
သမထနဲ့ ဝိပဿနာက ဘာကွာလဲ?
သမထက ဝိပဿနာလို့ ရုပ်နာမ်တွေနဲ့ အနိစ္စ ဒုက္ခ အနတ္တ သဘောကိုမြင်အောင်မကြည့်ဘဲ စိတ်တည်ကြည်မှု သမာဓိအားကိုယူပြီး ဈာန်အဘိဉာဏ် Higher Physic Power ရတဲ့အထိအားထုတ်တာပါ...။ သမထရဲ့အာရုံက လူအများက အရှိအနေနဲ့ လက်ခံထားတဲ့ ပညတ်တွေပါ...။ သူတို့ကို ကသိုဏ်း Object of Meditation လို့ခေါ်တယ်...။ သမထ ကမ္မဠာန်းက အမျိုးလေးဆယ်ကျော်တောင်ရှိတယ်..။ လူအများကျင့်ကြံအားထုတ်တာက အဓိကနှစ်မျိုးပဲရှိတယ်...။ ပထမတစ်ခုက ပထဝီ ဒါမှမဟုတ် မြေကသိုဏ်းဝန်းကိုကြည့်ပြီး ရှုတာပါ...။
မြေကသိုဏ်းဝန်းဆိုတာဘာလဲ ?
နေအာရုံအဆင်းရှိတဲ့ နှုန်းမြေစေးနီနီရဲရဲကို တစ်ထွာလောက်ရှိတဲ့ ကျောက်ပျဉ်မှာ တင်ရပါမယ်..။ နောက် ညက်ညောချောမွေ့အောင်လုပ်ပြီးပိတ်ကားချပ်ပေါ်မှာတင်လိုက်ရင် မြေကသိုဏ်းဝန်း Earth Meditation Device ကိုရပါတယ်...။
ဒုတိယနည်းက ဘာကိုကြည့်တာလဲ?
ဒီကျင့်စဉ်ကို အာနာပါနလို့ခေါ်တယ်...။ ကျွန်မတို့အားလုံး နေ့စဉ် လေရှူထုတ် ရှူသွင်ူးနေတာဖြစ်လို့ အာနာပါန Practice of out-breath and in-breath နဲ့ လက်တွေ့ကျင့်မယ်ဆို သင့်တော်ပါတယ်...။ ကသိုဏ်းဝန်းရှာဖွေစရာမလိုတဲ့အတွက် အချိန်ရသလို ဘယ်နေရာမဆို ရှုမှတ်နိုင်ပါတယ်...။
ဘယ်လိုအနေအထားနဲ့ ရှုမှတ်သင့်လဲ ?
အကောင်းဆုံးအနေအထားက တင်ပလ္လင်ခွေပြီး ခါးအထက်ကို ဆန့်ဆန့်ထားရတယ်...။ သမထ စတင်အားထုတ်မယ်လို့ ရည်ရွယ်ထားရင် ငါးပါးသီလကိုအနည်းဆုံး ဆောက်တည်ဖို့လိုပါတယ်...။ ဒါကလည်း သီလဖြူစင်မှ သမာဓိရမှာမို့လို့ပါ...။
လေကိုဘယ်လိုရှူသွင်းရသလဲ ?
သမထကျင့်တဲ့အခါ လေကိုမှန်မှန်နဲ့ ဖြေးဖြေးရှုပေးရပါတယ် နောက်ခန္ဓာကိုယ်နဲ့ စိတ်ကိုလုံးဝဖြေလျှော့ပြီး Relax လုပ်ဖို့လိုပါတယ်...။ စိတ်ဖိစီးမှုနဲ့ Stress တွေရှိနေရင် အားထုတ်လို့မရပါဘူး....။ တဖြေးဖြေးခန္ဓာကိုယ်အနေအထားမှန်သွားတာနဲ့ ထွက်လေဝင်လေတိုးနေတဲ့နှားသီးဖျားလိုနေရာမျိုးမှာ စိတ်ကိုထားရပါမယ်...။ ဒီနေရာမှာ လေကြောင်းလမ်း Air Passage တလျှောက်လိုက်နေရင် သမာဓိရဖို့မလွယ်ပါဘူး ဒါကြောင့်မို့ ကေသရာဇာ ခြင်္သေ့ King Lion လို တစ်ပေါက်တည်းရှိတဲ့ ဂူထဲပြေးဝင်သွားတဲ့သားကောင်လို ဂူဝကနေ စိတ်ရှည်ရှည်နဲ့ စောင့်ဖမ်းသလို နှာသီးဖျားမှာ ထွက်လေဝင်လေ ထိနေတာကို မိမိက သတိလေးနဲ့သိနေရပါတယ်...။
စိတ်လေးထွက်မပြေးရအောင် ဘယ်လိုလုပ်မလဲ
ဒီလို မငြိမ်ဘဲ ပြေးလွှားနေတဲ့စိတ်ကို မင်းဘယ်မှမပြေးနဲ့ ဒီမှာပဲနေလို့ ဝိဘတ်နဲ့ဆွဲတင်မှ စိတ်ကနှာသီးဖျားဆိုတဲ့ အာရုံပေါ်ကိုရောက်မှာပါ...။ ဒီနေရာမှာ ဝိသုဒ္ဓိမဂ် The Path of purification မှာရှင်းပြထားတာက နို့ညစ်မယ်ဆိုရင် မိခင်နွားမကြီးရဲ့ နို့မှာ နွားပေါက်စလေးကို အရင်စို့ခိုင်းလိုက်ပါတယ်...။ မိခင်မှာ နို့တက်လာလို့ နို့တွေ ဒလဟောစီးလာတဲ့အခါ နွားကလေးကိုတိုင်မှာ ကြိုးနဲ့ချည်းထားလိုက်ပါတယ်...။ ဒီအခါမှာ နွားကလေးဟာ နို့မဝသေးတော့ တိုက်ကိုပတ်ပြီးပြေးပေမဘ့် အတော်ကြာလို့ မောလာတဲ့အခါ တိုင်နားမှာပဲ သနားစဖွယ်အိတ်နေပါတော့တယ်..။ အလားတူ လွတ်ပြေးနေတဲ့ စိတ်ကို သတိနဲ့အာရုံမှာ ပြန်သွင်းယူတဲ့ အလေ့အကျင့်များလာရင် စိတ်လေးက ငြိမ်သွားပါလိမ့်မယ်..။ ဒီလိုစိတ်ဟာ ဘယ်မှ မထွက်ပြေးတော့ဘဲ နှာသီးဖျားမှာ ဒါမှမဟုတ် ကသိုဏ်းဝန်းမှာ တည်သွားရင် ပရိကမ္မနိမိတ် Sign of Preliminary or Preparation လို့ခေါ်ပါတယ်...။
နိမိတ်ဆိုတာ ဘာလဲ ?
နိမိတ်ဆိုတာ အာရုံကို တင်စားပြီးပြောတာပါ...။ ပရိကမ္မဆိုတာက သမထအားထုတ်တဲ့အခါ ပထမဦးဆုံး ရရှိတဲ ဘာဝနာပါ...။ ရှုမှတ်ရင်း စိတ်ရဲ့ စူးစိုက်မှုလေးဟာ တည်တည်ကြည်ကြည်ခိုင်မြဲလာရင် မျက်စိမှိတ်ထားပေမယ့် မျက်စိဖွင့်ပြီးမှတ်သလို အာရုံကိုမြင်လာပါမယ်..။ အာနာပါနဆိုလည်း ထွက်လေဝင်လေက နှာသီးဖျားမှာ ထိတွေ့နေတာ ကသိုဏ်းတာလည်း ကသိုဏ်းဝန်းကိုစွဲစွဲမြဲမြဲထင်မြင်နေတာပါ...။ အာနာပါနမှတ်တဲ့အခါ လေလေးဟာ မီးခိုးတန်းအလင်းတန်းဒါမှမဟုတ် ပုလဲလုံးလေးတွေထွက်လာသလိုမြင်နေရပါတယ်...။ ဒီလိုအတော်ကြာကြာမှတ်ယူနိုင်တဲ့အနေအထားကို ဥဂ္ဂဟနိမိတ် Learning Sign လို့ခေါ်ပါတယ်...။
ဥဂ္ဂဟဆိုတာဘာလဲ ?
ဥဂ္ဂဟဆိုတာ ဖမ်းယူဆုပ်ကိုင်ထားတာ ဥပမာ ဓါတ်ပုံရိုက်တဲ့အခါ ကင်မရာထဲက Negative ဒါမှမဟုတ် Micro-chip ထဲမှာ စွဲစွဲမြဲမြဲထင်သွားတာမျိုးနဲ့အလားတူပါတယ်...။ ဆက်ပြီး မိမိရထားတဲ့ ဥဂ္ဂဟနိမိတ်ကို မပျောက်ပျက်ဘဲ ထပ်တလဲလဲ စူးစိုက်ထားရင် သမာဓိအားကောင်းလာပြီး စိတ်လည်းအေးချမ်းတည်ငြိမ်လာပါမယ်...။
ဥဂ္ဂဟပြီးရင် ဘာနိမိတ်ဆက်ဖြစ်လဲ ?
ပဋိဘာဂနိမိတ် ဆက်ဖြစ်တယ်...။ တဖြေးဖြေးဆက်မှတ်နေရင်းနဲ့ အက်ကြောင်းလုံးဝမရှိတဲ့ မှန်သားပြင်လို လေဟာ အလင်းတန်းလေးလို အလွန်ချောမွေ့ညက်ညောသိမ်မွေ့လာပါတယ်...။ ဒီတစ်ခါမှာ ပွတ်တိုက်ထားတဲ့ ခရုသင်း ဒါမှမဟုတ် ကူးခတ်နေတဲ့ငါးလေးတွေတောင်မြင်နိုင်တဲ့ စမ်းရေအိုင်လို ကြည်လင်လာပါမယ်...။ အရှင်ဇနကာဘိဝံသက အခြေပြုသဂြိုလ်ကျမ်းမှာ ဆွတ်ဆွတ်ဖြူသော ဗျိုင်းကလေးများ ညိုမှောင်နေတဲ့ တိမ်တောင်ထဲ ပျံသန်းသွားတဲ့အခါ လွန်စွာပသာဒရှိသလို ဒီနိမိတ်ဟာ ယောဂီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ အလွန်ကြည်နူးစရာဖြစ်ပါတယ်လို့ တင်စားဖော်ပြထားပါတယ်...။ ဒီအခါမှာ အချိန်ဘယ်လောက်ကြာအောင် ရှုမှတ်ပေမယ့် ပျင်းရိအိပ်ငိုက်တာမျိုးမရှိတော့ဘဲ မိမိရဲ့ အာရုံဟာ အဆရာထောင်မက အလွန်ကြည်လင်လာပါတယ်...။ ဒီလို Bright and Clear ဖြစ်လာတာကို ပဋိဘာဂနိမိတ် Material Sign လို့ခေါ်တယ်...။
* မျက်စိဖွင့်ထားပြီး အာရုံကိုစွဲစွဲမြဲမြဲ ကြည့်နိုင်တာက ပရိကမ္မနိမိတ်
* မျက်စိမှိတ်ထားပေမယ့် အာရုံစွဲထင်နေတာက ဥဂ္ဂဟနိမိတ်
* တဖြေးဖြေးအာရုံဟာကြည်လင်လာပြီး တောက်ပလာတာက ပဋိဘာဂနိမိတ်
ပဋိဘာဂနိမိတ်ရောက်ရင် ဥပစာရဈာန်လို့လည်းခေါ်တယ် ဈာန်အစစ်တော့မဟုတ်ပေမဘ့် ရောက်ခါနီးတဲ့ သဘောကိုပြောတာပါ...။
ပရိကမ္မနိမိတ် --------> ဥဂ္ဂဟနိမိတ်-------->ပဋိဘာဂနိမိတ်-------->ဥပစာရဈာန်
ဥပစာဆိုတာ ပရိဝုဏ် နယ်နမိတ် အနီးအနားကိုပြောတာပါ...။ တက္ကသိုလ်ဥပစာလို့ သုံးတာမျိုးကို ကြားဖူးမှာမို့ ဥပစာရဆိုတာ အနီးအနားအိမ်နီးနားချင်းကို Neighborhood ဆိုလိုတာပါ...။ မိမိနေတဲ့အိမ်အနားရောက်လာတဲ့သဘောမျိုးပေါ့..။ ဥပစာရပြီးတာနဲ့ ဈာန်ရတော့မှာပါ ဥပစာရအဆင့်ကနေ စူးစူးစိုက်စိုက်ရှုမှတ်သွားရင် စိတ်က ဘယ်ကိုမှ ထွက်မပြေးတော့ဘဲ အာရုံတစ်ခုတည်းမှာ Super Glue နဲ့ကပ်ထားသလို စွဲမြဲသွားပါပြီ...။ ဒီအခါမှာ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်ငါးပါးဟာ Unity and Harmony ဖြစ်သွားပြီ ရူပါဝစရ ပထမအပ္ပနာဈာန်အဆင့်ကို ရသွားပါပြီ....။
ပထမဈာန်ရပြီးရင် ဒုတိယဈာန်ကို ဘယ်လိုဆက်က်ရသလဲ
သဘာဝအရ ပထမတန်းအောင်ပြီးရင် ဒုတိယတန်းကိုဆက်ချင်သလို စိတ်ကအလွန်ချမ်းသာနေတော့ ဒီထက်ကောင်းတဲ့ ချမ်းသာကိုမှန်းပြီး တောင့်တာလာပါတယ်...။ ဒီအခါမှာ သူက ဝိတက်ကိုအပြစ်မြင်လာတယ်...ဒါကလည်း ဝိတက်က အာရုံကို ပို့ပေးရတဲ့ သဘောရှိလို့ နည်းနည်းကြမ်းတမ်းတဲ့ သဘာဝရှိလို့ပါ...။ စိတ်ကိုအေးချမ်းစွာထားနိုင်တာနဲ့အမျှ ဝိတက်မလိုတော့ဘဲ ဆက်တိုက်ရှုမှတ်သွားရင် ဝိစာရ ပီတိသုခနဲ့ ဧကဂ္ဂတာ သာရှိတဲ့ ဒုတိယဈာန်ကိုရောက်သွားပါတယ်...။
ဒီလိုဆို တတိယဈာန်ကိုရဖို့ ဝိစာရကိုလည်း ပယ်ရမှာ
တဖြေးဖြေး သမာဓိအားကောင်းလာလို့ ဝိတက်နဲ့ ဝိစာရမပါတော့ဘဲ အာရုံမှာ စွဲမြဲတည်တံ့နေရင် ပီတိ သုခနဲ့ ဧကဂ္ဂတာတို့သာ ရှိတဲ့ တတိယဈာန်အဆင့်ရောက်သွားပါပြီ...။ တတိယဈာန်က ပီတိနဲ့ ချမ်းသာနေတာပေါ့...။ ဒီနေရာမှာ နှစ်သက်ပြီး ချမ်းသာတာနဲ့ သူ့အလိုလိုချမ်းသာတာဆိုပြီး နှစ်မျိုးရှိပါတယ်....။ ဒါပေမယ့် နှစ်သက်ပြီး ချမ်းသာတာက စိတ်လှုပ်ရှားမှုတွေရှိနေလို့ အလွန်အေးချမ်းတဲ့ တည်ငြိမ်မှုမဟုတ်ပါဘူး...။ ပီတိကို အပြစ်မြင်ပြီး ဖယ်ရှားမှ စိမ့်စမ်းရေလို သူ့အလိုလို ချမ်းမြေ့တဲ့ သုခနဲ့ စိတ်တည်ငြိမ်မှု ဧကဂ္ဂတာ တို့သာရှိတဲ့ စတုတ္ထဈာန်အဆင့်ရောက်သွားမှာပါ....။ ဘုရားပြီး ငြမ်းဖျက်သလိုပဲ ဒီလိုဆို ပဥ္စမဈာန်ရောက်ဖို့ သုခကိုလည်း ပယ်ရမှာပါ....။ ပဥ္စမဈာန်မှာတော့ ဥပေက္ခာနဲ့ ဧကဂ္ဂတာ....။
အနှစ်ချုပ်လိုက်ရင်
ပထမဈာန်ရပြီးရင် --------> ဝိတက်ပြုတ်
ဒုတိယဈာန်ရပြီးရင် --------> ဝိစာရပြုတ်
တတိယဈာန်ရပြီးရင် --------> ပီတိပြုတ်
စတုတ္ထဈာန်ရပြီးရင် --------> သုခပြုတ်
ပဥ္စမဈာန်ရပြီးရင် --------> ဥပေက္ခာနဲ့ ဧကဂ္ဂတာ တို့ပဲကျန်ပါတော့တယ်...။
ရူပဝစရစိတ် (၁၅)ပါး ဒီမှာပြီးပါတယ် နောက်တစ်ပိုင်းကျရင် အရူပဝစရစိတ်(၁၂)ကိုဆက်ပြောပါမယ်....။
အဘိဓမ္မာစိတ်ပိုင်း(၅)
မှတ်ချက်။ ။ ခွဲစိတ်ပါမောက္ခ ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်ပါသည်...။ ကျွန်မလေ့လာပြီးသလောက် မှတ်သားထားသည်များကို သဘောပေါက်လွယ်အောင် အပိုင်းခွဲပြီး ဆက်လက်ရေးသားဖော်ပြပေးပါဦးမယ်....။ ဓမ္မလက်ဆောင်စာအုပ်ပေးခဲ့တဲ့ ဉီး------ကိုလည်း ဒီပို့စ်နဲ့ကျေးဇူးတင် ကန်တော့လိုက်ပါတယ်...။
___________________
Revolution will prevail
မိုးငွေ့